Showing posts with label BIM. Show all posts
Showing posts with label BIM. Show all posts

Saturday, 6 May 2017

BIM01.02 : ထွေရာလေးပါး BIM စကားဝိုင်း - အပိုင်း(၂)

အချိန်ကား ကဆုန်လပြည့်ကျော် (၂) ရက်၊ တနင်္လာနေ့ ။
စလုံးက တချို့ တွေ ရုံးတက်ရပြီး တချို့ တွေရုံးပိတ်တဲ့နေ့ ပေါ့။ ကိုယ်တွေကတော့ ကံကောင်းစွာနဲ့ ပဲ အိမ်မှာနှပ်နေတယ် ဆိုပါတော့။
မြောက်ပြန်လေကလည်း ကိုယ်တွေလို ရုံးမတက်ရတဲ့ သူတွေကို ဂုဏ်ပြုချင်လို့ ပဲလားတော့ မသိဘူး။ တဖြူးဖြူးနဲ့ ကို တိုက်နေတော့တာပဲ။
တယောက်တည်း ယောင်ချာချာနဲ့  ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားရင်းက
တလောက ရန်ကုန်ကနေ ၀ယ်လာတဲ့ ဆရာဦးဆန်းလွင်ရဲ့” ရတနာ(၃)ပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူတယောက် အကြောင်း” ဆိုတဲ့ စာအုပ်ကို ဖတ်ဖို့  စိတ်ကူးလိုက်မိတယ်။ မကြာပါဘူး ဖုန်းကနိုတီတွေ တက်လာနေတာနဲ့  စာအုပ်လေး ဘေးချရင်း Facebook ပေါ် လက်ရောက်သွားတယ်ဆိုပါတော့။
အဲဒီမှာတင် Facebook ပေါ်က ဘော်ဒါဘော်ကျွတ်တွေကို ထောပနာပြု သြဘာပေးရင်းက ချက်ဘောက်ကနေ မေးခွန်းလေးတချို့ က တက်လာပါလေရော။

ညီငယ် :
အကို
အကိုတို့စလုံးမှာဘွဲ့ယူခဲ့တယ် ဆိုတော့ ကျွန်တော် တခုမေးလို့ ရမလားမသိဘူး။
ကျွန်တော် :
မေးလို့ရပါတယ် ညီ။ အကိုတို့ ယူခဲ့တာ ဘွဲ့မဟုတ်ပါဘူး ဒီပလိုမာပါ။ ပြီးတော့ BCA က ဘွဲ့ကို တိုက်ရိုက်ပေးလို့မရဘူးထင်တယ်။ သူက Institute လည်းမဟုတ်၊ University လည်းမဟုတ်ဘူးဆိုတော့လေ။ ဘွဲ့အတန်းတွေဆို တခြား တက္ကသိုလ်တွေနဲ့  Joint လုပ်ပြီး ဖွင့်တာပဲ  တွေ့  ရတယ်။

ညီငယ် :
BCA ကပေးတာလား အကို။
ကျွန်တော် :
ဟုတ်တယ်။

ညီငယ် :
အဲလိုရဖို့ဆိုရင်အရင်ဦးဆုံးဘာပြင်ဆင်ထားရမလဲ အကို။

ကျွန်တော် :
အရင်ဆုံး English Screening Test ကို အောင်အောင် ဖြေရတယ်။ ပြီးတော့ ကိုယ်တက်ချင်တဲ့ Course အတွက် လိုအပ်တဲ့ တခြား Criteria တွေနဲ့ လည်း ပြည့်စုံဖို့ တော့ လိုတယ်။
ဥပမာ SDip BIM အတွက်ဆိုရင် အနည်းဆုံး Authoring/Modeling Software တခုခုကို တတ်မြောက်ကြောင်း Certificate of Completion တွေကို ပြရတယ်။ Autodesk Software ဆိုရင်လည်း Autodesk ရဲ့ Authorized Training Center ကပေးတဲ့ Certificate ဖြစ်ဖို့ တော့ လိုတယ်။ မဟုတ်ရင် BCA ကဖွင့်တဲ့ BIM Modeling Course ကို Bridging Course အနေနဲ့  အရင်တက်ရတယ်။ အဲ့ Course ရဲ့ Certificate of Completion ကိုပြနိုင်မှ တက်ခွင့်ပေးတယ်။ ခုနောက်ပိုင်း အပြောင်းအလဲ ရှိမရှိ တော့ သိပ်မသေချာဘူး။

ညီငယ် :
BIM အတွက်သီးသန့်သဘောမျိုးရှိလား အကို။

ကျွန်တော် :
အကိုတို့ တက်ခဲ့တဲ့ Course ကိုက Specialist Diploma in BIM Course တဲ့။
BIM ကိုပဲ သီးသန့်သင်တာ ညီ။
ညီငယ် :
အဲဒါစာတမ်းပြုစုရလား။

ကျွန်တော် :
စာတမ်းရယ်တော့ မဟုတ်ဘူး။ Group အလိုက် Project လုပ်ရတယ်။ အဲ့ Project ကို Report အနေနဲ့ရေးပြီးတင်ရတယ်။ အဲ့ဒါကတော့ တဦးချင်းစီ အနေနဲ့ ပေါ့။
ပြီးတော့ အဲ့ Project လုပ်ခဲ့ပုံကို Group အလိုက် Presentation လုပ်ပြီး ရှင်းပြရတယ်။ ကိုယ့် Project ထဲမှာ ဘယ်လို BIM Uses တွေကိုအသုံးပြုထားတယ်။ ဘယ်လောက်အထိ Project ရဲ့ အောင်မြင်မှုအပေါ်မှာ အထောက်အပံ့ ဖြစ်စေတယ်။ ဘယ်လို အကျိုးကျေးဇူးတွေကို တွေ့ မြင် ခံစားရတယ်။ စသဖြင့်ပေါ့။
အဲ့လောက်ပါပဲ။
Module အနေနဲ့(၈)ခုရှိတယ်။
ခုနကပြောတဲ့ ဟာအားလုံးကို Module တခုအနေနဲ့ လုပ်ရတာပါ။
ညီငယ် :
တခါက Facebook က အကိုတယောက် Share တာဖတ်ဖူးတယ်။
Project လုပ်ပြီး Report တင်တဲ့နေရာပြိုင်ပွဲသဘောလိုမျိုးရှိတယ်ဆိုတာ။

ကျွန်တော် :
ပြိုင်ပွဲရယ်တော့ မဟုတ်ပါဘူး။
BIM Competition က သတ်သတ်ရှိတယ်။ BCA ကပဲ ကြီးမှူးပြီးတော့
တနှစ်တခါလုပ်တာ။ Singapore Construction Productivity Week (scpw) Event ကျရင် Seminar တွေ၊ ဆောက်လုပ်ရေး ပစ္စည်းပြပွဲတွေနဲ့  အတူ BIM Competition Award တွေကို ချီးမြှင့်ကြတာ။

ညီငယ် :
အဲဒီမှာဆို ပြိုင်ပွဲရှိတယ်ပေါ့။

ကျွန်တော် :
အရင်နှစ်တွေကတော့ Company တွေဝင်ပြိုင်ကြတယ်။ အခုနောက်ပိုင်း ကျောင်းသားတွေအတွက်ပဲ ရှိတော့တယ်ထင်တယ်။

ညီငယ် :
ကျွန်တော်BIM နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ် အကို။
ဘယ်လိုလုပ်ရမလဲ။

ကျွန်တော် :
ငါတောင်ရေးရေးရယ် 😂😂

ညီငယ် :
ကျွန်တော်ပြောချင်တာက
ကျွန်တော်ဘန်ကောက်ရောက်နေတဲ့၂နှစ်အတွင်း
အတွေ့အကြုံးရှာရင်း BIM ကိုလေ့လာမယ်။
အကို လမ်းညွန်ပေးပါလား။

ကျွန်တော် :
လေ့လာတာ ကောင်းတာပေါ့။ ခက်တာက စာတွေ့နဲ့တင်မလုံဘူး ညီ။
အလုပ်နဲ့တွဲလုပ်ရမှ ထိရောက်တာ။
အကိုတောင် ၂၀၁၂ ကတည်းက အဲ့ ဘင်ဆိုတာကို လုပ်နေတာပဲ။ အလုပ်ထဲမှာ Apply လုပ်ရတာ တနှစ်လောက်ပဲ ရှိသေးတယ်။
ကျောင်းတက်နေတုန်း ဆိုရင်တော့ ကျောင်းစာနဲ့ တွဲပီးလေ့လာပေါ့။
BIM ဆိုတာကြီးကို တတ်ရမယ် ဆိုတဲ့ စိတ်တော့ မထားစေချင်ဘူး။ ကိုယ်လျှောက်လှမ်းဖို့ ရွေးချယ်ထားတဲ့ Ttrade ...ဥပမာ Archi ဆိုလဲ Archi, Struc ဆိုလဲ Struc... ကို Strong ဖြစ်အောင် လုပ်စေချင်တယ်။
၂၀၁၀ လောက်က လူသိများလက်ခံလာတဲ့ BIM ဆိုတာက IT နည်းပညာတွေ အရမ်းထွန်းကားလာတဲ့အပေါ်မှာ အခြေပြုပြီး AEC ရဲ့ ယန္တယားကြီး အဆင့်မြှင့်တင်ဖို့ ဖြစ်လာခဲ့တာ။
အထောက်အကူပြု Platform သက်သက်လို့  အကြမ်းဖျင်း ဆိုနိုင်တယ်။
သူမရှိလည်း အဆောက်အဦးတွေက ဆောက်မြဲ ဆောက်နေရမှာ။
သူရှိလာတော့ သူ့ကို အသုံးချပြီး ပိုပြီးမြန်ဆန်၊ ပိုပြီးလွယ်ကူ၊ ပိုပြီး တိကျသေချာတဲ့ ရလဒ်တွေကို ဖန်တီးနိုင်ကြတယ်။
ဒါပေမယ့် သူချည်း သက်သက်ဆို ဘာမှ မဟုတ်ဘူး။
နောက်ဆိုရင် BIM ဆိုတာ မပတ်သက်ချင်ရင်တောင်မှ ပတ်သက်နေရတော့မယ့် အရာတခု ဖြစ်လာတော့မှာ။
ကိုယ့် Trade ကို Master ဖြစ်နေအောင်ကြိုးစားရင်း တဖက်ကလည်း ခုလို အထောက်အကူပြု နည်းပညာတွေ၊ Platform တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်အောင် ကြိုးစားပေါ့။ အကို သိသလောက်ကတော့ အတတ်နိုင်ဆုံး ရှင်းပြပေးမှာပါ။
BIM က ဘာနဲ့တူသလဲ ဆိုရင် စားပွဲဝိုင်းတခုနဲ့ သဏ္ဌာန် တူတယ်။ သာမန်စားပွဲတော့မဟုတ်ဘူးပေါ့ကွာ။ အဆင့်မြင့် IT နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ စားပွဲဝိုင်းတခုပေါ့။
အဲ့ဒီစားပွဲဝိုင်း ပတ်ပတ်လည်မှာ လုပ်ငန်းနဲ့ ပတ်သက်နေတဲ့ လူတန်းစားမျိုးစုံက ပတ်လည်ဝိုင်းနေမယ်။
ဒီလုပ်ငန်းကြီး အလျှင်အမြန်နဲ့ ကုန်ကျစရိတ် အသင့်တင့်ဆုံးနဲ့ အချိန်မီ ပြီးစီးအောင်မြင်ဖို့အတွက် အားလုံးက သူတို့ရဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတာတွေ၊ အတတ်ပညာတွေ၊ အယူအဆတွေ ကို နည်းလမ်းကိုယ်စီနဲ့ တင်ပြကြမယ်။ အဲ့ဒီတင်ပြချက် Input တွေကို ကျန်တဲ့ Stakeholder/ Team Member တွေကလည်း နားလည်ကြတယ်။ အဲ့လိုနာလည်ရခြင်းဟာ အဲ့ဒီစားပွဲဝိုင်းကြီးက သတ်မှတ်ထားတဲ့ Language တခုကြောင့်ပဲ။
ငါ့ညီ နားလည်မလားတော့ မသိဘူး။
အဲ့ဒီ Language ဟာ BIM Process တွေပဲ။
အဲ့ဒီအတွက် ဒီစားပွဲဝိုင်းမှာ စည်းကမ်းတွေ ထုတ်ထားရတယ်။ ဒီစားပွဲဝိုင်းပတ်ပတ်လည်မှာ ပါဝင်နေကြတဲ့ မည်သူမဆို ကိုယ်နဲ့ သက်ဆိုင်တဲ့ အဆို ထင်မြင်ယူဆချက် တွေကို Input လုပ်တဲ့အခါ ကျန်တဲ့သူ့ထက် ရာထူးအဆင့် နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ က
သူ့ Input ကို လက်ခံရမယ်၊ ဝေမျှရမယ်၊ အကြံပေးရမယ် လိုအပ်ချက်တွေ ဖြည့်စွက်ရမယ်။
ဒါကို Collaboration လုပ်တယ် ခေါ်တာပေါ့ကွာ။
တယောက်ရဲ့ Input နဲ့ တခြား တယောက်ရဲ့ Input အကြား မှာ အငြိအစွန်းမရှိစေဖို့ အတွက်၊ ဖြစ်လာရင်လည်း အဲ့ဒီ အငြိအစွန်းကို ဖြေလျော့ဖို့အတွက် နည်းလမ်းတွေ ရှာကြရတယ်။ အဲ့ဒါကိုတော့ Coordination လုပ်တယ် ခေါ်တာပေါ့။
အဲ့ဒီလို မတူညီတဲ့ Input တွေကို လုပ်ငန်းအတွက် အတူတကွပေါင်းစည်းပြီး လုပ်ငန်းကြီး အလျှင်အမြန်အောင်မြင်အောင် ဆောင်ရွက်ခြင်းကိုတော့ Integration လုပ်တယ်လို့ ဒီလိုပဲ အကြမ်းဖျင်း နားလည်ထားတယ်။
အဲ့တော့ ဒီစားပွဲဝိုင်းကြီးက သတ်မှတ်ထားတဲ့ Language ကိုအသုံးပြုပြီး Stakeholder/ Team Member အချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ်၊ အကြံပြုမယ်။ လုပ်ငန်းမှာ ကြုံလာမယ့် အခက်အခဲတွေကို ကြိုတင်မှန်းဆပြီး အကြံပြုကြမယ်။ အဲ့အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတဲ့ plan တွေဆွဲကြမယ်။ အဲ့ဒီလိုတွေလုပ်လို့ရအောင် ဒီစားပွဲကြီးက လိုအပ်တဲ့ နည်းပညာတွေကို ပံ့ပိုးပေးထားမယ်။
အဲ့ဒါ BIM ရဲ့ သဘောသဘာဝပဲလို့ အကိုယူဆတာပဲ။ သူများတွေယူဆတာနဲ့တော့ တူချင်မှ တူမှာပေါ့ကွာ။
ခေါင်းရှုပ်သွားပြီလားတော့ မသိဘူး။ 😜

ညီငယ် :
မရှုပ်ပါဘူး အကို ကျွန်တော်နားလည်တယ်။
အကိုပြောတဲ့စကားဝိုင်းက VDC ရဲ့သဘောတရားပေါ့နော်။

ကျွန်တော် :
BIM ဆိုတဲ့နေရာမှာက Little BIM နဲ့ Big BIM ရယ်ဆိုပြီး ပြောလို့ရတယ်။ အခု Revit ကိုသုံးပြီး Information Modeling လုပ်နေကြတာကို BIM လုပ်နေတယ်လို့ပြောရင် ငြင်းလို့မရဘူး။ ဘာလို့ဆို Modeling ကို Information နဲ့ Attach လုပ်ထားရင် BIM မည်တာပဲလေ။ သာမန် Modeling ထက်သာလွန်ထက်မျက်တဲ့ Intelligent ဖြစ်တဲ့ Modeling ကို ဖန်တီးနေလို့လေ။ သူကနေ AEC လုပ်ငန်းကြီးတလျှောက်လုံးအတွက် လိုအပ်တဲ့ info တွေကို စပွားဖန်တီးသယ်ဆောင်နိုင်လို့ပဲ။ ပြီးတော့ အဲ့ဒီ Info တွေကို Software Platform တခုကနေ တခြားတခုကို Exchange လည်း လုပ်နိုင်တယ်။ ပြောရရင်တော့ Little BIM ရဲ့ Process ကို Support လုပ်နိုင်တယ်။ သူ့မှာလည်း Modeling အပြင် Management ကိုပါ ဂရုပြုလုပ်ဆောင်ရတာပဲ။ ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်မှုကတော့ ဘောင်နဲနဲကျဉ်းတာပေါ့။
Big BIM မှာကျတော့ လုပ်ဆောင်ချက်တွေက ပိုပြီး ကျယ်ပြန့်သွားပြီ။ သူ့အတွက် လုပ်ဆောင်ရတဲ့ Management Process ကလည်း ပိုပြီး များပြားလာတယ်။ သုံးရတဲ့ Tools တွေကလည်း ပိုများလာတာကိုး။ Integration Process အကြီးစားကြီးဖြစ်လာတယ်။ အကိုပြောတဲ့ စားပွဲဝိုင်းကြီးက ပိုပြီးလည်း မြိုင်ဆိုင်လာတယ်လို့ ဆိုရမယ်။
အဲ့ဒီကနေပြီးတော့ Big BIM Process တွေဟာ Construction Management/ Project Management Process တွေနဲ့ပါ Integrate လုပ်နိုင်တဲ့ အဆင့်ကို တက်လှမ်းလာတဲ့အခါမှာ VDC ဆိုတာကြီး ဖြစ်လာတော့တာပဲ။
နောက်ဆုံးရည်မှန်းချက်ကတော့ IPD လို့ခေါ်တဲ့ Integrated Project Delivery (IPD) လုပ်ဖို့အတွက်ဖြစ်လာခဲ့တော့တာပဲ။ BIM ကိုစတင်ခဲ့ကတည်းက အဲ့ဒီ IPD လုပ်နိုင်ဖို့အတွက် ရည်မှန်းခဲ့ကြပေမယ့် အဟန့်အတား (Obstacle တွေအများကြီးကို ကျော်ဖြတ်နေကြရတော့ သူတို့သွားချင်တဲ့ IPD ကို လွယ်လွယ်နဲ့ မရောက်နိုင်တာလည်း ပါတာပေါ့။ ပြီးတော့ နည်းပညာရဲ့အထောက်အပံ့တွေကလည်း သိပ် အဆင်သင့် မဖြစ်ကြသေးဘူးလေ။ အဲ့ဒါအပြင် Stakeholder/ Team Member တွေအားလုံးက ဒီ Process ရဲ့ Function တွေနဲ့ အကျွမ်းတဝင်မရှိခဲ့သေးတာ၊ Benefit တွေအပေါ်မှာ ယုံကြည်မှုအားနည်းနေခဲ့ သေးတာတွေလည်း ပါတာပေါ့။
အခုတော့ Stakeholder/ Team Member အတော်များများက BIM ရဲ့ အနှစ်သာရကို ယုံကြည်လာနေကြပါပြီ။ တချိန်တည်းမှာနည်းပညာတွေရဲ့ အထောက်အပံ့စွမ်းအားတွေကလည်းတနေ့ ထက်တနေ့  အံ့မခန်း တိုးတက်လာတယ်လေ။ ပြီးတော့ BIM ရဲ့ အကျိုးကျေးဇူးတွေကိုလည်း မျက်မြင် သိရှိလာကြပြီ။
ပြောရရင် လူတွေ ဒီ Integrated Process ကြီးကို သက်ဝင် ယုံကြည်လာကြပြီ လို့ ဆိုနိုင်တယ်။ ဒါတောင် သံသယတွေကတော့ ကြားခံနေဆဲပဲ။
တချို့ကတော့ Technological Revolution လို့ ဆိုကြသလို တချို့ကလည်း Technological Evolution လို့ ယုံကြည်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရိုးလုပ်စဉ်တွေကနေ သွေဖယ်ကျော်လွှားပြီး Change ဆိုတာကိုတော့ မလွဲမသေလုပ်ဆောင်ကြရမယ် ဆိုတာကတော့ အသေအချာ ပြောလို့ရတယ်။ မဟုတ်ရင် ဓလေ့ထုံးစံအဟောင်းတွေရဲ့ လွှမ်းမိုးမှုကနေ ဖောက်ထွက်ကျော်လွှားနိုင်ဖို့ သိပ်မလွယ်လှဘူး။
ငါ့ညီနဲ့ ချက်တော့မှ အကိုလည်း ကြီးကြီးကျယ်ကျယ်တွေ ပြောတတ်လာသလိုပဲ 😝😝

ညီငယ် :
ရပါတယ် အကို
ကျွန်တော်လည်း အကိုနဲ့တွေ့မှပိုနားလည်သွားတယ်။

ကျွန်တော် :
စိတ်ထဲမှာ အဲ့အကြောင်းတွေ ပို့စ်အနေနဲ့ ရေးဖြစ်ဖို့ စဉ်းစားသေးတယ်။ ဘယ်ကစရမလဲ အစရှာမရ ဖြစ်နေတာ။

ညီငယ် :
အကို
Stakeholder/ Team Member တွေက Sub-con တွေကိုပြောတာလား။

ကျွန်တော် :
Stakeholder/ Team Member ဆိုတာ ပရော့ဂျက်ထဲ ပါဝင်ပတ်သက်သူ အားလုံးကို ဆိုလိုတာပါ။
အောက်ခြေ Modeler ကအစ Client အဆုံးပေါ့။
တနေ့တော့ ငါ့ညီနဲ့ ဆွေးနွေးခဲ့တာလေးတွေကို ပို့စ်တခုအနေနဲ့ တင်ပါအုံးမယ်။ ဒါမှလည်း တခြားသူတွေရဲ့ Opinion တွေပါ သိရမှာ။ အကိုပြောတာတွေက မှန်ချင်မှလည်း မှန်မှာကိုး။

ညီငယ် :
အခြားသောသူတွေရဲ့ Opinion တွေများများရမှညီတို့ ဒီစနစ်ဟောင်းကိုဖောက်နိုင်မှာ။
ကျွန်တော်ကချာတိတ်ပဲရှိသေးတယ်ဆိုတော့ဒီစကားမပြောသင့်မှန်းသိပါတယ်အကို။
တနေ့စက်မှုတော်လှန်ရေး ဖြစ်သလို။
BIM တော်လှန်ရေးတွေပေါ့နော်။

ကျွန်တော် :
တော်လှန်ရေး ဆိုတာက တော်လှန်ပြီးရင် သူ့အလုပ်က ပြီးဆုံးသွားတာ။ ဆင့်ကဲဖြစ်စဉ်ကျတော့ တစိုက်မတ်မတ် တိုးတက်ဖြစ်ထွန်းအောင် လုပ်နေရတာလေ။

ညီငယ် :
ဟုတ်ကဲ့ အကို

ကျွန်တော် :
အဲ့တော့ အကို့သဘောဆိုရင်တော့ Evolution ကို ပိုပြီးသဘောကျတယ်။

ညီငယ် :
Evolution က အမှန်တကယ်လိုအပ်တယ်လေ။နောက် ၃နှစ် နေဘာ Software ထွက်လာမှန်းမှ မသိသေးတာ။
ကိုရဲဇော်လင်း ရေးထားတဲ့ Post မှာလိုပေါ့။ IIM Modeling ရနေပြီမဟုတ်လား အကို။

ကျွန်တော် :
အဲ့ဒါတော့ အမှန်ပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က စလို့ BIM ဆိုတာ ဖြစ်လာပေမယ့် မျက်မှောက်ခေတ်မှာ VDC က ခေါင်းပြူဦးမော့လာပြီလေ။ နောက်ထပ် လာမယ့်ဆယ်စုနှစ်တခုမှာ VDC ထက် ပိုပြီး ထက်မျက်တဲ့၊ အကျိုးရှိတဲ့ Process တွေက ပေါ်လာအုံးမှာပဲ။

BIM01.01 : ထွေရာလေးပါး BIM စကားဝိုင်း - အပိုင်း(၁)


Facebook ပေါ်မှာ သိကျွမ်းခင်မင်ခွင့်ရခဲ့တဲ့ ညီငယ်တယောက်နဲ့  အလာဘ သလာဘပြောဖြစ်ခဲ့တဲ့ ထွေရာလေးပါး BIM တွေကိုတခြား ညီအကိုမောင်နှမ သူငယ်ချင်းတွေကိုပါ ပါဝင်ဆွေးနွေးစေချင်တာနဲ့  ဆန္ဒနဲ့  ဒီပိုစ်လေး တင်ဖြစ်လိုက်ပါတယ်။
ကနဦး ပြောလိုတာကတော့ ကျွန်တော်ဟာ BIM ဂရုတယောက် မဟုတ်သေးတဲ့ အညတရ ဘင်မာတယောက် ဆိုတာပါပဲ။ ဒီ BIM ခရီးကို 2012 လောက်က စတင်ခဲ့ပေမယ့် ကံတရားရဲ့ မျက်နှာသာ အပေးခံရမှု အားနည်းခဲ့တာရယ်၊ ကိုယ်ကိုယ်တိုင်က ၀ီရိယနည်းတာရယ်ကြောင့် ရောက်သင့်သလောက် ခရီးမတွင်ခဲ့ဘူး လို့  ဆိုရမှာပါပဲ။
ဘာပဲဖြစ်ဖြစ် အခုလို သိချင်တတ်ချင်တဲ့ ညီအကိုတွေနဲ့ ဆုံရပြန်တော့လည်း ကိုယ်သိထား သင်ထားတာတွေအပြင် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကိုပါ မျှဝေနေခဲ့မိတယ်။ အမှန်နဲ့  အမှား ဒွိဟလောကကြီးထဲ ကိုယ်ထင်ထား သိထားတာတွေဟာ အမှန်တွေချည်းပဲ လို့  မဆိုနိုင်ပါ။ အဲ့ဒီအတွက် ထောက်ပြဝေဖန် အကြံပြု ဆွေးနွေးမှုတွေကလည်း အမှန်တကယ်ပဲ လိုအပ်လာပါတယ်။ ကျွန်တော့်အတွက်ရော ကျွန်တော့်ကို မေးမြန်းဆွေးနွေးနေတဲ့ ညီငယ် အတွက်ရောပေါ့။ ဒါနဲ့  ဒီပိုစ်လေးကို တင်ဖြစ်ခဲ့တယ် ဆိုပါတော့။

ညီငယ် :
အကို Navisworks က Hard Clash နဲ့ Soft Clash ကို Check လုပ်ဖို့ပဲလား။
အခြားဘာလုပ်လို့ရသေးလဲ အကို။

ကျွန်တော် :
Navisworks ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Clash Detection အတွက်ပေါ့။ Clash ဆိုတော့ Hard ကော Soft ကော အကျုံးဝင်တာပေါ့။
အဲ့ဒါအပြင်...
4D timeline ဆွဲလို့ရတယ်။
Quantification ထုတ်လို့ရတယ်။
Render လုပ်လို့ရတယ်။
Walkthru Animation နဲ့ Object Animation အနဲအကျဉ်း လုပ်လို့ရတယ် ညီ။

ညီငယ် :
4D Timeline က Footing တခုကို ဘယ်လောက်အချိန်နဲ့ပြီးမှာလဲ။ ပြီးရင် Floor တွေက တဆင့်ချင်းစီလာတာကိုပြောတာလား အကို။
Phase နဲ့တူလား အကို။

ကျွန်တော် :
ဟုတ်တယ်ညီ
Construction လုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ဘာတွေကို ဘယ်အချိန်မှာ လုပ်မယ် ဆိုတဲ့ Schedule ကို Model နဲ့ ချိတ်ပြီး Animation ဆန်ဆန် လုပ်တာ။
MS Project တို့ Primavera တို့မှာက Schedule Chart တွေပဲထွက်တော့ ဒီလောကထဲက လူတွေလောက်ပဲ နားလည်ကြတာ။ ပြီးတော့ လစ်ကွက်ဟာကွက်တွေက အလွယ်တကူမမြင်နိုင်ဘူးလေ။
4D နဲ့ ပြလိုက်တော့ တော်ရုံလူပျိန်းတောင် ဘာပြီးရင် ဘာလုပ်မယ် ဆိုတာကို တန်းမြင်နိုင်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို Design Stage မှာတင် လွယ်လွယ်ကူကူ ဆုံးဖြတ်န်ုင်တယ်။
တို့စက်ရုံတွေဆို ပိုဆိုးတာပေါ့။ တချို့ Equipment တွေက အကြီးကြီးတွေ။ သူတို့ကို Construction ပြီးမှ နေရာချလို့ မရဘူး။ Under Construction က Timeline ရဲ့ Point တခုမှာ ချရတာ။

Phase ရဲ့သဘောက လုပ်ငန်းကြီးကို အပိုင်းအလိုက်ခွဲထားတဲ့ သဘောပဲ။ ဒီအပိုင်းကို ဒီ Period မှာ ပြီးအောင်လုပ်မယ်။ ဒီအပိုင်းကိုတော့ နောက် Period မှာ လုပ်မယ်ဆိုတဲ့ သဘောမျိုး ပါတယ်။
4D Timeline ကျတော့ အဲ့ဒီ Phase တခုချင်းစီရဲ့ အောက်မှာရှိနေတဲ့ Parallel အနေနဲ့  Run နေတဲ့ လုပ်ငန်းတွေကို ဖြစ်စေ၊ တခုပြီးမှ နောက်တခု လုပ်လို့ ရမယ့် လုပ်ငန်းတွေကိုဖြစ်စေ သူ့  အချိန်ဇယား အတိုင်း အံဝင်ဂွင်ကျ ဖြစ်နေစေဖို့ အတွက် တတ်သိနားလည်တဲ့ ပညာရှင်တွေက Project Schedule တွေ၊ Construction Sequence တွေကို ရေးဆွဲကြတယ်။ ပြီးတော့ လုပ်ငန်းထဲမှာ ပါဝင်ပတ်သက်နေတဲ့ Stakeholder တွေရဲ့ အကြံပြု ဆွေးနွေးဖြည့်စွက်ချက်တွေ အပေါ်မှာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး အဖြစ်သင့်ဆုံး ရလဒ်တွေ၊ ဆုံးဖြတ်ချက်တွေကို ဖော်ဆောင်ကြရတယ်။ ဒီနေရာမှာ BIM ရဲ့ 4D Timeline က မတူညီတဲ့ အဖွဲ့ အစည်းတွေကြား၊ မတူညီတဲ့ ထင်မြင်ယူဆ အကြံပြုချက်တွေကြားမှာ ပေါင်းကူးဆက်သွယ် ကူညီအဖြေရှာပေးတဲ့ Tool တခုအဖြစ် ရပ်တည်ပေးလာနိုင်တယ်။
4D Timeline ဟာ BIM ရဲ့ Uses တွေထဲက တခု လို့  ဆိုရမှာပေါ့ကွာ။

ညီငယ် :
ခုလိုဖြေကြားပေးတာ ကျေးဇူးပါ အကို။
ကဆုန်လပြည့်ဥပုသ်နေ့မှာကျန်းမာရွှင်လန်းကြပါစေ။
အကို ဥပုသ်စာင့်နေတယ်ထင်တယ်။

ကျွန်တော် :
စောင့်ပါဘူး ညီ။ တရားဘာဝနာ အားထုတ်ဖို့ က ငယ်နေသေးသလားလို့ …😜😜

Sunday, 30 April 2017

BIM00.01 - BIM Software တွေအတွက် System Requirements

မင်္ဂလာပါ...

ဒီ Post မှာ အဓိက တင်ပြချင်တဲ့ အကြောင်းအရာကတော့ BIM လောကထဲ ကျင်လည်ကြမယ့် ညီအကို မောင်နှမတွေ မေးလေ့ရှိကြတဲ့ Common Question လေးတခုအကြောင်းပါပဲ။

ဘယ်လို Laptop/ Desktop မျိုးဟာ BIM သမားတွေအတွက် အသင့်တော်ဆုံးလဲ....တဲ့

Budget အကန့် အသတ်သာ မရှိဘူး ဆိုရင်တော့ Workstation အမျိုးအစားတွေကိုပဲ သုံးစွဲကြဖို့  တိုက်တွန်းမိမှာပါပဲ။ ဘာလို့ လဲ ဆိုတော့...
Processor အားဖြင့် ကြည့်ရင်လည်း အနိမ့်ဆုံး Quad Core ကစကြပြီး အမြင့်ဆုံး 22 Core လောက်အထိ ရှိကြတာ ဆိုတော့ Multi-tasking အတွက်က စိတ်ပူစရာကို မလိုတော့တာ။
RAM (Random Access Memory) အားဖြင့် ကြည့်မယ် ဆိုရင်လည်း အမြင့်ဆုံး Slot က 16ခုအထိ ရနိုင်တာ ဆိုတော့ တွက်သာ ကြည့်ပေတော့ဗျာ။ Market ထဲမှာ အမြင့်ဆုံး 16GB ပဲရတယ်ထားအုံးတော့။ RAM 256GB ရနေပြီလေ။
Graphic Card အနေနဲ့  ဆိုရင်လည်း Nvidia Quadra P-series တွေတောင် ထွက်နေကြပြီ။
တခုပဲ...အဲ့ဒီ High-End System တွေထည့်ပြီး Run ဖို့ ဆိုရင်တော့ တော်ရုံ Cooling System တွေနဲ့ တော့ ရနိုင်မယ် မထင်ဘူး။

တကယ်တော့ Workstation အမျိုးအစားတွေကို လုပ်ငန်းသုံးအနေနဲ့ ထုတ်ထားကြတာမို့  ဈေးကလည်း ခေါင်ခိုက်နေမှာပါပဲ။ Personal အနေနဲ့  ဆိုရင်တော့ ROI (Return of Investment) ထည့်သွင်းစဉ်းစားပြီးမှ သုံးသင့် မသင့်ကို ဆုံးဖြတ်သင့်ပါတယ်။

မစားရ ၀ခမန်းတွေ ရေးနေတာနဲ့  လိုရင်းမရောက်ဘူး ဖြစ်နေတယ်။

BIM Authoring Software ဆိုတာနဲ့  အများစု ပြေးမြင်မိမှာကတော့ Autodesk ရဲ့ Revit ပဲ ဖြစ်မယ်ထင်ပါတယ်။ တခြားသော BIM Authoring Software တွေ ရှိနေလင့်ကစား Autodesk ရဲ့ Revit ကတော့ လူသိများစဲ၊ လူအသုံးများစဲ ဆိုတာ ငြင်းလို့ ရမယ် မထင်ပါဘူး။ အခုဆိုရင် Revit 2018 ကလည်း ထွက်လာပြီမို့  သူ့ ကိုယ်အခြေခံပြီးပဲ System Requirements တွေကို တင်ပြပေးလိုက်ပါတယ်။ System Requirements ကို အမျိုးအစား (၃)မျိုးနဲ့  မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။
1) Minimum : Entry-level Configuration
2) Value : Balance Price and Performance
3) Performance : Large, Complex Model

ဒါ့အပြင် Revit အတွက် Autodesk ကနေ Recommend လုပ်ထားတဲ့ Graphic Card စာရင်းကိုပါ တင်ပြပေးထားပါတယ်။ အဲ့ဒီစာရင်းထဲက Graphic Card အမျိုးအစားတွေဟာ Workstation အမျိုးအစား တွေမှာပဲ မြင်တွေ့ နိုင်တာဖြစ်ပါတယ်။
PC တလုံး ၀ယ်တော့မယ် ဆိုရင် အရင်ဆုံး စဉ်းစားရမယ့် အချက်တွေကတော့
၁။ ဘာအတွက် အသုံးပြုဖို့ လဲ
၂။ Budget ဘယ်လောက် သုံးမှာလဲ
၃။ ၀ယ်မယ့် PC ဘယ်နှနှစ်လောက် အများဆုံး သုံးမှာလဲ
... စသဖြင့် မေးဖို့  လိုအပ်ပါတယ်။

ဘာအတွက် အသုံးပြုဖို့ လဲ
ကိုယ်ဝယ်မယ့်  PC ကို ဘာအတွက် အသုံးပြုဖို့ လဲဆိုတာကို အရင်သုံးသပ်ဖို့ လိုပါတယ်။ ဈေးလေး သက်သာလို့ ၊ ဒီဇိုင်းလေး ဆန်းလို့  ဆိုပြီး PC တလုံး ၀ယ်ထားမိပြီးကာမှ AutoCAD လေး သုံးချင်လာတာတို့ ၊ 3D Software တွေသုံးချင်လာတာတို့ ဖြစ်တဲ့အခါ အတော်လေး စိတ်ဒုက္ခရောက်ကြရပါတယ်။ စက်အသစ် ထပ်ဝယ်ပြန်တော့လည်း လက်ရှိစက်က အပိုဖြစ်သွားမယ်။ ပြန်ရောင်းရင်လည်း သုံးချိုး နှစ်ချိုးရရင် ကံကောင်းပဲ။ IT ပစ္စည်းတွေက ဘယ်တော့မှ ဈေးတက်လာတယ်ရယ်လို့  မရှိဘူးလေ။

Budget ဘယ်လောက် သုံးမှာလဲ
ဒါကလည်း အရေးကြီးတာပဲ။  Budget တွေအများကြီးသုံး၊ အမြင့်ဆုံး Spec တွေဝယ်ပြီး Facebook လောက်သုံး၊ Word/ Excel လောက်သုံး၊ Movie လောက်ပဲ ကြည့်နေမယ် ဆိုရင်လည်း အလကားပဲ။ Budget နဲနဲ နဲ့  ပေါချောင်ကောင်း ၀ယ်ပြီးကာမှ ဟိုဟာ လုပ်မရ၊ ဒီဟာ သုံးမရ ဆိုပြန်ရင်လည်း အဆင်မပြေပြန်ဘူး။

ဝယ်မယ့် PC ဘယ်နှနှစ်လောက် အများဆုံး သုံးမှာလဲ
PC တလုံးဟာ အနဲဆုံး (၃) နှစ်ကနေ (၅) နှစ်လောက်အထိတော့ အသုံးပြုဖို့ မှန်းထားသင့်တယ်။ အဲ့ဒီကာလအတွင်းမှာ အဲ့ဒီ PC ဘာတွေလုပ်မယ် ဆိုတာကိုလည်း ကြိုတင်ပြီး စဉ်းစားထားသင့်တယ်။ ဒါမှလည်း PC အတွက် ကိုယ်သုံးလိုက်ရတဲ့ Budget ဟာ အကျိုးမဲ့ မဖြစ်မှာပေါ့။

CAD/BIM လောကထဲ ကျင်လည်နေသူတယောက်အနေနဲ့  အကြံပြုချင်တာကတော့
၁။ Laptop နဲ့  Desktop ဆိုရင်  Desktop ကို ဦးစားပေးစဉ်းစားပါ။ Desktop မှာက Part တခုချင်းစီကို Upgrade လုပ်ဖို့ အခွင့်အရေးရှိသလို Spec ခပ်မြင့်မြင့်တွေကို ဈေးသက်သက်သာသာနဲ့  ရနိုင်တယ်။ မတတ်သာတော့မှ Laptop ကိုရွေးပါ။

၂။ Processor အနေနဲ့ ဆိုရင်တော့ အနဲဆုံး Quad Core လောက်က စပြီး စဉ်းစားစေချင်ပါတယ်။ Software တွေဟာ အသစ်ထွက်တိုင်းထွက်တိုင်း တောင်းတဲ့ Spec တွေဟာ မြင့်သထက်မြင့်လာတာ သဘာဝမို့ ပါ။ ပြီးတော့ Multi-tasking အတွက်ကိုပါ ထည့်စဉ်းစားရမှာ မို့ လို့ ပါ။

၃။ RAM အနေနဲ့ ကတော့ အနဲဆုံး 16GB လောက်က စစဉ်းစားသင့်ပါတယ်။ BIM Software တွေဟာ Calculation တွေအများကြီး လုပ်ကြရတာမို့  RAM များလေကောင်းလေပါပဲ။

၎။ Graphic Card အနေနဲ့  ဆိုရင်တော့ Autodesk က Recommend လုပ်တဲ့ Card အားလုံးဟာ Workstation တွေအတွက်ချည်းပဲ။ ဒါပေမယ့် Personal သုံးဖို့ နဲ့  Market ထဲ သင့်တင့်တဲ့ ဈေးနဲ့ ရနိုင်တာကတော့ GeForce GTX Series တွေပဲ။ Graphic Card ကိုရွေးတဲ့နေရာမှာလည်း ကိုယ်က ဘယ်လို Software တွေကို အသုံးပြုမှာလဲ ဆိုတာနဲ့ တော့ ဆိုင်နေပြန်ပါတယ်။
CAD Software လောက်၊ BIM Authoring Software လောက်ပဲ သုံးဖို့ ရည်ရွယ်ရင်တော့ GeForce GTX Series အနိမ့်စားတွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Lumion လို Graphic အသားပေးတဲ့ Software လို၊ Fuzor လို Graphic အသားပေးတဲ့ Revit Add-in လို သုံးဖို့ ရည်ရွယ်ရင်တော့ အနိမ့်ဆုံး GeForce GTX970 လောက်လိုအပ်ပါလိမ့်မယ်။
တကယ်လို့  VR (Virtual Reality) အတွက်ပါ ထည့်စဉ်းသားမယ် ဆိုရင်တော့ GeForce GTX1060 က Minimum Requirement လောက်ဖြစ်နေပြန်ပါတယ်။ VR ကလည်း Future PC Usage အနေနဲ့  ထည့်သွင်းစဉ်းစားရမယ့် အချက်တခုဖြစ်နေပါတယ်။
(ဖြစ်နိုင်ရင်တော့ GeForce GTX1060 (6GB) ဆိုပိုပြီး အဆင်ပြေတာပေါ့။ ကျနော့်အနေနဲ့  Nvidia GeForce ကို အခြေခံပြီး ဖတ်မှတ်မိသမျှကိုသာ တင်ပြရခြင်း ဖြစ်ပါတယ်။ Nvidia GeForce နဲ့ အပြိုင် AMD RX Series တို့ ၊ Intel(R) HD တို့  လည်း ဈေးကွက်ထဲမှာ ရှိနေပါသေးတယ်။)

အချုပ်အားဖြင့်တော့ PC ၀ယ်ချင်တဲ့သူတယောက်အတွက် ကိုယ်အသုံးပြုချင်နဲ့  Uses နဲ့  ကိုယ်အသုံးပြုသင့်တဲ့ Budget အကြား အသင့်တင့်ဆုံး Leverage လုပ်ပြီး အသင့်တင့်ဆုံးသော Spec ပါတဲ့ PC တခုကို ရွေးချယ်ရတာပါပဲ။

ကျနော့်အနေနဲ့ Laptop တခုကို Budget S$1500 to S$2500 အတွင်းကနေ ရွေးရမယ် ဆိုရင်တော့ HP တို့  Dell တို့ ထက်စာရင် Asus တို့  Lenovo တို့  MSI တို့ ထဲကပဲ ရွေးချယ်မိလိမ့်မယ်ထင်တယ်။ ဘာလို့ လဲဆိုတော့ ကိုယ်သတ်မှတ်ထားတဲ့ Budget အတွင်းကနေ Spec ခပ်မြင့်မြင့်နဲ့ Laptop ရနိုင်တာ သူတို့ ပဲရှိတယ်။ ပြီးတော့ Laptop တွေမှာ အပူလွှတ်ထုတ်တဲ့ Exhaust Fan အပေါက်တွေဟာ Laptop ရဲ့ အနောက်ဖက်ထွက်တဲ့ အမျိုးအစားတွေကိုပဲ ရွေးခြယ်သင့်ပါတယ်။ Exhaust Fan အပေါက်တွေဟာ အောက်ထွက်ဖြစ်နေရင်တော့ စက်ရဲ့ အပူထုတ်နှုန်းဟာ မြင့်မားလွယ်ပြီး Long Hour အသုံးပြုဖို့ အတွက် ခက်ခဲပါလိမ့်မယ်။
ဒီရေးသားချက်တွေ အားလုံးဟာ ကျနော့်ရဲ့ ကိုယ်တွေ့ ၊ အပေါင်းအသင်းတွေရဲ့ အတွေ့ အကြုံတွေကနေ ကောက်နှုတ်ထားတာမို့ အမှန်ချည်းပဲရယ်လို့ တော့ မယူဆစေချင်ပါဘူး။ PC ၀ယ်မယ့် သူတယောက်၊ ပြီးတော့ BIM လောကသားတယောက် ဖြစ်မယ်ဆိုရင်တော့ ဒီ Post ဟာ အစိတ်အပိုင်းတခုအနေနဲ့ အထောက်အကူပြုနိုင်လိမ့်မယ်လို့ တော့ မျှော်လင့်မိပါတယ်။