Sunday 10 June 2018
BIM01.03 : ထွေရာလေးပါး BIM စကားဝိုင်း - အပိုင်း(၃)
ခြောက်သွေ့ လိုက် စွတ်စိုလိုက်၊ နေသာလိုက် မိုးရွာလိုက်နဲ့  ဘ၀ကလည်း အတော်လေး နေသားကျနေသလိုပါပဲ။ ဖြစ်ချင်တာတွေနဲ့  ဖြစ်နေတာတွေရဲ့ကြားက ကွာဟမှုတွေအပေါ် ဥပက္ခာပြုတတ်လာတာကိုက ရင့်ကျက်လာမှုတွေပဲလို့  ခံစားနားလည်တတ်လာခဲ့ပါပြီ။
ဒီလိုနဲ့ ပဲ နေ့ ကို ညက စားလိုက်၊ ညကို နေ့ က စားလိုက်နဲ့ ဘ၀က "အညာက ထန်းလျက် အောင်နက်ကြီး ရက်သလို" လုံးပါးပါးနေခဲ့တာကိုတောင် သတိမထားမိခဲ့ဘူး။
ညီမငယ် :
အောင်နက်ကြီး နေကောင်းရဲ့လား ဟင်...ခခ်ခခ်
ကျနော် :
နင့်မေ ... လန် ထှာဟယ် မပြောမဆိုနဲ့ .... ဘာ အောင်နက်ကြီး နေကောင်းရဲ့လား လဲ .... ဟင်း
ညီမငယ် :
အကို့ စာထဲက  အညာက ထန်းလျက်ကို ရက်နေတဲ့ အောင်နက်ကြီးလေ ... အာ့ သူ နေကောင်းရဲ့လား...လို့  မေးကြည့်တာပါ။ ... ဟဲဟဲ
ဘာဆက်ရေးရမှန်း မသိလို့  ဘူပိတ်နေရတဲ့ကြားထဲ သူလာနှောက်တော့မှပဲ ရေးလက်စ စာတိုပေစလည်း တစခန်း ရပ်သွားတော့တယ်။ နောက်မှပဲ ဆက်ရေးတာ ကောင်းပါတယ် လို့  ဆုံးဖြတ်ရင်း ...
ကျနော် :
ပြော... ဘာကိစ္စတုန်း ... ။
ညီမငယ် :
ဟိုလေ ... သမီး အခု တင်ရမယ့်  Thesis မှာ BIM အကြောင်း ပါနေလို့ ... အာ့ BIM အကြောင်းလေး နဲနဲ မေးချင်လို့ ။
ကျနော် :
ငါလည်း ခိုင်းတာပဲ လုပ်တတ်တာ ဆိုတော့ နင်သိချင်တဲ့ အကြောင်းကို ရေရေလည်လည် ရှင်းပြနိုင်ဖို့  က မလွယ်ဘူးထင်တယ်။ တိကျတဲ့ Information တွေ လိုချင်ရင်တော့ ငါတို့  ဘင်ဂျာကို သွားမေးပါလား။ သူဆိုရင်တော့ နင် သိချင်တာတွေကို ဂဃနဏ ရှင်းပြနိုင်မှာပါ။
(ဘာပဲဖြစ်ဖြစ် ကိုယ့်လက်ကလွတ် ပြီးရော ဆိုပြီး တခြားသူဆီ တွန်းပို့ လိုက်ကာမှ...)
ညီမငယ် :
သမီးတို့ ဆီမယ် အခုထိ CAD ကိုပဲ အားပြုနေတုန်း။ 3D က CAD နောက်ကနေ လေးဖက်ထောက်ပြီး လိုက်နေရတုန်းလေ။ အာ့တွေက ဘာလို့ ဖြစ်နေရတယ် ဆိုတာကို သိချင်တာ။ တခြား Department တွေနဲ့  Integrate လုပ်ဖို့ နေနေသာသာ Design Department တခုတည်းမှာကို ယောင်ဝါးဝါးနဲ့  အပတ်မလည်ဘူး ဖြစ်နေကြတယ်။ ကုမ္ပဏီကလည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးနေတာပဲလေ။ Hardware ဆို Hardware ၊ Software ဆို Software ။ ဒါပေမယ့် 3D ရဲ့ အပေါ်ကို တက်လာကြတာကိုး မတွေ့ ရဘူး။
အဲ့လိုဘာကြောင့် ဖြစ်နေရတာလဲ ဆိုတာကို သမီး တင်ရမယ့်  Thesis ထဲ ထည့်ရေးချင်တာ။ အဲ့ဒီအကြောင်းတွေ ဘင်ဂျာကို သွားမေးတော့ သူက သူ့ ပေါင် သွသူ လှန်ပြီး ထောင်းပြရမယ့် အလုပ်ကို လုပ်ပါ့မလား။ အာ့ကြောင့် အကို့ ကို လာမေးတာ။ အကို ထင်တာတွေပဲ ပြောပြပါ။ မှားမှားမှန်မှန် ကိစ္စမရှိပါဘူး။ တခုခု Thesis ထဲ ထည့်ရေးလို့ ရရင် ပြီးတာပဲ။
ကျနော် :
သြော် ... ညီးက ငါတို့  ကုမ္ပဏီ အရှက် ဗျန်းဗျန်း ခွဲပြရမယ့် အလုပ်ကို ငါ့ဆီ လာပေးတာပေါ့လေ။ ... ဟင်း ဟင်း...
ညီမငယ် :
အဲ့လို သဘောမျိုးတော့ မဟုတ်ပါဘူး။ သုံးသတ်ပြစရာကလည်း ကိုယ့်ကုမ္ပဏီပဲ ရှိတာမဟုတ်လား။ လုပ်ပါ... နဲနဲပါးပါးလောက် ဖြေကြည့်ပေးနော်။ ကျေးဇူးမမေ့ပါဘူး။ ဟဲဟဲ
ကျနော် :
ကဲ... အာ့ဆိုလည်း မေးဟာ...
ညီမငယ် :
မေးခွန်း(၁) - အကို့ မှာ  BIM နဲ့ ပတ်သက်တဲ့ အတွေ့ အကြုံ ရှိလား။
ကျနော် :
ညီမငယ် :
မေးခွန်း(၂) - Project ဘယ်နှခုလောက်ကို BIM နဲ့ အသုံးပြုခဲ့ ပြီးပြီလဲ။
ကျနော် :
၂၀၁၃ ကနေ အခုထိ ဆိုရင် လုပ်ဖြစ်သွားတဲ့  Project (၅) ခုလောက်နဲ့  Tender Project (၅) ခုလောက် တော့ရှိမယ်။ Data Center Project တွေ အပါအ၀င်ပေါ့။
ညီမငယ် :
မေးခွန်း(၃) - အခု ကုမ္ပဏီမှာ BIM Uses အနေနဲ့  ဘယ်နှ Dimension (D) အထိကို လုပ်နေပြီလဲ။
ကျနော် :
BIM Uses အနေနဲ့ ပြောရရင် BIM Authoring အပြင် BIM Analysis အပိုင်းမှာ 3D Coordination နဲ့  4D Scheduling တွေကိုတော့ လုပ်နေပါပြီ။ 3D Coordination အတွက် Navisworks Manage ကို သုံးပြီး၊ 4D Scheduling အတွက်တော့ လောလောဆယ် Synchro Pro ကို အသုံးပြုနေတယ်။
5D Cost Estimation  အတွက် CostX ကိုအသုံးပြုဖို့  ယာထားခဲ့ပေမယ့် အခုအချိန်အထိတော့ အလှမ်းဝေးဆဲပါပဲ။ ဒါကလည်း BIM Process ထဲကို Procurement Team ပါဝင်မလာနိုင်ခဲ့လို့ ပါပဲ။ အကြောင်းပြချက်ကတော့ "No Time" ကြောင့်ပါပဲ။
ညီမငယ် :
မေးခွန်း(၄) - အကို့ ရဲ့ အတွေ့ အကြုံအရ Singapore ရဲ့ Construction Sector မှာ BIM ကိုအသုံးပြုပြီး ဘယ်လိုအကျိုးကျေးဇူးတွေများ ဖန်တီးနိုင်မယ် လို့  ထင်ပါသလဲ။
ကျနော် :
BIM Process ဆိုတာက အဆောက်အဦး လုပ်ငန်းကြီး တခုလုံးကို ဖြစ်စေ၊ အပိုင်းလိုက်ကိုဖြစ်စေ Virtual World ထဲမှာ Rehearsal အနေနဲ့  တည်ဆောက်ကြည့်ကြတာ။ ပြောရရင် Construction Rehearsal လုပ်တယ်လို့ ပြောလို့ ရတယ်။ အကျိုးကျေးဇူးတွေ အနေနဲ့ ကတော့
၁။ Construction လုပ်ငန်းမှာ ကြုံတွေ့ လာနိုင်မယ့် အခက်အခဲတွေကို Design Stage မှာတင် ကြိုတင်ဖြေရှင်းနိုင်တဲ့အတွက် Construction လုပ်ငန်းကို ချောမွေ့  မြန်ဆန်စေပါတယ်။
၂။ Coordinated Design Model ကနေရရှိလာမယ့် တိကျသေချာတဲ့ Information တွေကလည်း  Construction လုပ်ငန်းတွေကို ပိုမိုချော့မွေ့ စေပါတယ်။
၃။ Design Stage မှာတင် Project တခုလုံးကို Virtual World ထဲမှာ မြင်တွေ့ နိုင်၊ စစ်ဆေးနိုင်၊ ဖြည့်စွက် ပြုပြင်နိုင်လို့  အရေးကြီးတဲ့ Informed Decision တွေကို စေစီးလျှင်မြန်စွာ ချမှတ်နိုင်ပါတယ်။
၎။ Project အတွက် ခန့် မှန်းကုန်ကျမယ့် စရိတ်ကို  Design Stage မှာတင် သိရှိခွင့် ရနိုင်သလို၊ Design Changes တိုင်းအတွက် ပြောင်းလဲသွားမယ့် ငွေကြေးပမာဏ တွေကိုလည်း လွယ်လင့်တကူ ရရှိနိုင်ပါတယ်။
၅။ Design Stage မှာတင် Facility Management Team ပါဝင်နိုင်တာကြောင့် FM အတွက် လိုအပ်မယ့် Information တွေ BIM Model ထဲ ထည့်သွင်းထားနိုင်တာကြောင့် အဆောက်အဦး လက်ခံပြီး မရှေးမနှောင်းမှာတင် FM လုပ်ငန်းစဉ်တွေကို စတင်နိုင်ပါလိမ့်မယ်။
ညီမငယ် :
မေးခွန်း(၅) - အကို့ အမြင်အရ Construction Industry အတွက် Traditional Process (မိရိုးဖလာ လုပ်ငန်းစဉ်) တွေကို BIM Process နဲ့  အစားထိုး ပြောင်းလဲပစ်သင့်သလား။
ကျနော် :
ကမ္ဘာကြီးမှာက နည်းပညာတွေဟာ စက္ကန့် တိုင်း  စက္ကန့် တိုင်း မှာ တိုးတက်ပြောင်းလဲနေတာ။ ပြီးတော့ ပြိုင်ဆိုင်မှု ဆိုတာကလဲ ငြင်းပယ် မျက်ကွယ်ပြုထားလို့  မရတော့တဲ့ အခြေအနေ။ အရည်အသွေး (Quality) ကို ဦးစားပေးနေရတဲ့ တချိန်တည်းမှာပဲ၊ ထုတ်လုပ်နိုင်စွမ်း (Productivity) ကိုလည်း မြှင့်တင်နေရတာ။ ဒါတင်မကဘူး။ တဖက်က အသုံးစရိတ် (Cost) ကိုလည်း အတတ်နိုင်ဆုံး လျှော့ချနိုင်ရအုံးမယ်။ အဲ့ဒီလို တိုက်ရိုက်အချိုးမကျတဲ့ ဖြစ်စဉ်တွေကို တချိန်တည်း တပြိုင်တည်းမှာ ပြီးမြောက်ဖို့ ဆိုရင် Traditional Process (မိရိုးဖလာ လုပ်ငန်းစဉ်) တွေနဲ့ သွားလို့  မဖြစ်နိုင်ဘူး ဆိုတာကို လုပ်ငန်းလုပ်ကိုင်နေကျသူတိုင်း နားလည်သဘောပေါက်ထားကြပါတယ်။ အဲ့ဒီအတွက် သမရိုးကျ မဟုတ်တဲ့၊ ထူးကဲတဲ့ Strategy တွေ လိုအပ်လာတယ်။
BIM Process ဟာ အဲဒီ ထူးကဲတဲ့ Strategy တွေထဲက တခုလို့ ဆိုရမှာပဲ။ အပြောင်းအလဲ (Change) ဆိုတာကို လွယ်လွယ်နဲ့ တော့ လုပ်လို့ မရဘူးပေါ့။ ဒါပေမယ့် ခေတ်ကတောင်းဆိုလာတဲ့ အပြောင်းအလဲ (Change) တွေကို မလုပ်ဆောင်နိုင်ဘူး ဆိုရင်တော့ အနှေးနဲ့ အမြန် ဆိုသလို လက်ရှိလုပ်ငန်းတွေ ကျဆုံးကုန်မှာ မလွဲပဲ။ Revolution တခုတိုင်း တခုတိုင်းမှာ အပြောင်းအလဲ (Change) ကို အံတုကျားကန်ကြသူတိုင်း ကျရှုံးကြရတဲ့ သမိုင်းသက်သေတွေက ဒုနဲ့ ဒေးပဲလေ။ (ကြုံတုန်းလေး ကြီးကြီးကျယ်ကျယ် ပြောရတာ ... ဟိ ဟိ)
ညီမငယ် :
မေးခွန်း(၆) - Data Center Project တွေရဲ့ Design နဲ့  Planning လုပ်ငန်းစဉ်တွေမှာ  BIM Process ကို အသုံးပြုမယ်ဆိုရင် အချိန် (Time) နဲ့ ကုန်ကျစရိတ် (Cost) တွေ ပိုပြီး သက်သာတယ်လို့  သိရပါတယ်။
အကို့  အမြင်ကရော...
ကျနော် :
Data Center Project မှမဟုတ်ပါဘူး။ BIM Process ကို အကျွမ်းတ၀င်ရှိပြီး အသားကျနေတဲ့ ကုမ္ပဏီတွေအတွက် အချိန် (Time) နဲ့ ကုန်ကျစရိတ် (Cost) တွေ ပိုပြီး သက်သာတယ် ဆိုတာ သာဓကတွေ အများကြီး ရှိနေတာပဲလေ။
တခုပဲ...
 BIM Process ကို အကျွမ်းတ၀င် မရှိသေးဘူး။ BIM Adoption တွေကို စနစ်တကျ လုပ်မထားတဲ့ ကုမ္ပဏီတွေအတွက်တော့ ကြာသင့်တဲ့ အချိန်၊ ကုန်သင့်တဲ့ ကုန်ကျစရိတ် ထက်တောင်မှ ပိုနိုင်ပါသေးတယ်။ အခန့် မသင့်ရင် လုပ်ငန်းတခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ ကုမ္ပဏီတိုင်းက Back Up Plan တွေ ထားတတ်ကြတယ်။ အဲလို Back Up Plan တွေ ထားလွန်းလို့ လဲ  BIM Process တွေ နှောင့်နှေးလွန်းသွားတာတွေလည်း မြင်ဖူးပါတယ်။ ဥပမာ ဆိုရင်တော့ တို့ ကုမ္ပဏီပေါ့။ ... ဟဲ ဟဲ...
ညီမငယ် :
မေးခွန်း(၇) - လက်ရှိ Singapore ရဲ့ BIM Level အရ Data Center Project ရဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ Design, Planning, Construction နဲ့  Operation & Maintenance အပိုင်းတွေမှာ BIM ကို အသုံးပြုလို့  ရနိုင်တဲ့ အကျိုးကျေးဇူးထဲက (၃) ခုကို ပြောပြပေးလို့ ရမလား။
ကျနော် :
BIM ကို အသုံးပြုရတဲ့ အခြေခံ အကြောင်းတရားပဲ ပြောပြော၊ ရည်ရွယ်ချက်ပဲ ဆိုဆို အဓိက အချက် (၃) ချက်ပဲ ရှိတယ်။
- REDUCE
- REUSE
- IMPROVE
ဒီအချက် (၃) ချက်ဟာ ဘယ် Project ကိုမဆို သက်ရောက်မှု ရှိပါတယ်။
Data Center Project ရဲ့ လုပ်ငန်းစဉ်တွေအတွက် ကွက်ပြီး ဖြေရအောင်ကျတော့ အခုအချိန်အထိ Data Center Project တွေဟာ Tender Stage နဲ့ တင် တစ်ပြီး Construction အဆင့်အထိ ရောက်မလာခဲ့ဘူး။ Tender Stage လောက်မှာတင် ရခဲ့တဲ့ အကျိုးကျေးဇူးထဲက (၃) ခုကို ပြောပြရမယ် ဆိုရင် ...
၁။ BIM Model နဲ့  Design လုပ်ငန်းတွေ စခဲ့ရတာမို့  Design Coordination ပိုင်းမှာ ထင်သာမြင်သာ ရှိသလို Design အလွဲအမှားတွေကို BIM Model ကနေ အလွယ်တကူ စစ်ဆေးဖြေရှင်းနိုင်ခဲ့တယ်။
၂။ BIM Model ကနေ တိုက်ရိုက် အခြေခံ Quantification တွေ ထုတ်ပေးနိုင်လို့ ခန့် မှန်းကုန်ကျစရိတ် အကြမ်းဖျင်းကို အလွယ်တကူ တွက်ထုတ်နိုင်ခဲ့တယ်။
၃။ 4D Sequencing/ Scheduling ကို သုံးပြီး မိမိတို့ လုပ်ဆောင်မယ့် လုပ်ငန်းတွေကို အချိန်အပိုင်းအခြားအလိုက် ခွဲခြားပြီး Client ကို အချိန်မီ တင်ပြနိုင်ခဲ့တယ်။ Client ရဲ့ လိုချင်တဲ့ Design Changes တွေကိုလည်း အချိန်တိုအတွင်း ပြုပြင်ပေးနိုင်ခဲ့တယ်။
Client အနေနဲ့  သူ့ အတွက် တည်ဆောက်ပေးမယ့် အဆောက်အဦးကို မြေပေါ်ဖြစ်မလာခင် ကြိုတင်မြင်တွေ့ ခွင့်ရသလို၊ ဆောက်လုပ်မယ့် လုပ်ငန်းစဉ်၊ နည်းစနစ် နဲ့  လုပ်ငန်းပြီးစီးနိုင်မှု Schedule ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ ခွင့်ခဲ့တယ်။ ကုန်ကျနိုင်မယ့် စရိတ်ကိုလည်း ကြိုတင်မှန်းဆ နိုင်လို့   သူ့ ဖက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း အလျှင်အမြန် ဆောင်ရွက်နိုင်သလို၊ လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေ၊ ညှိနှိုင်းမှုတွေကိုလည်း အချိန်မီ လုပ်ဆောင်နိုင်ခဲ့တယ်။
(အဲ့လိုနဲ့ ပဲ ငါတို့  ကုမ္ပဏီလည်း Data Center Project တွေ မရတော့တာ အတော်လေး ကြာသွားပြီ ဟိ ဟိ)
ညီမငယ် :
မေးခွန်း(၈) - Contractor ရှုထောင့်က ကြည့်မယ်ဆိုရင် လက်ရှိလုပ်နေတဲ့ ကုမ္ပဏီရဲ့ BIM Implementation အပိုင်းမှာ ဘယ်လို အခက်အခဲတွေကို ကြုံတွေ့ နေရလဲ။ အဓိက စိန်ခေါ်မှုတွေထဲက (၃)ခုလောက် ပြောပြပေးပါ။
ကျနော် :
Contractor ရှုထောင့်က ဆိုတာထက် လက်ရှိ ငါတို့ ကုမ္ပဏီကို ကြည့်မယ်ဆိုရင် အရင်ဆုံး မြင်တွေ့  နိုင်တာက ကုမ္ပဏီ အနေနဲ့  Design အပိုင်းကို အချိန် လုံလုံလောက်လောက် ပေးမထားတာပဲ။ ဒါကလည်း သူချုပ်ခဲ့ရတဲ့ Contract ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ သူ့ ရဲ့ Selling Point ကိုက အချိန်တိုအတွင်းမှာ ဘီလီယံနဲ့ ချီတဲ့ လုပ်ငန်းကြီးကို ပြီးမြောက်ပါ့မယ် ဆိုတဲ့ ကတိနဲ့  အလုပ်လုပ်ရတာလေ။ Schedule က အလွန့် အလွန်ကို Tight ဖြစ်လွန်းနေတယ်။
BIM Process ရဲ့ အခြေခံ သဘောသဘာဝ ကိုက Construction Rehearsal လုပ်ရမှာ။ အဲ့ဒီအတွက် လုံလောက်တဲ့ အချိန် လိုအပ်တယ်။ ဒါပေမယ့် မပေးနိုင်ဘူး။
လုပ်ငန်းရဲ့ သဘောသဘာဝအရ ကလည်း CSA အနေနဲ့  Supporting Role ကနေ ဋ္ဌာနတွေရဲ့ Design လိုအပ်ချက်တွေကို ဖြည့်စည်းပေးရမှာ။ ဒါပေမယ့် Pile တွေသာ အလီလီမြေကြီးထဲ ၀င်သွားတယ်။ အဆောက်အဦးသာ တဖြေးဖြေး ရုပ်လုံးပေါ်လာတယ်။ တခြား ဋ္ဌာနတွေက Design တွေစဉ်းစားလို့  ပြင်လို့  ကောင်းတုန်း။ တချို့ Design တွေက Client ဆီက အတည်မပြုလို့  ကျန့် ကြာသလို၊  တချို့ Design တွေက Supplier/ Specialist တွေဆီက မရသေးလို့  ကျန့်  ကြာနေတယ်။ နေရာ အတော်များများကလည်း Black Box တွေချည်းပဲ။
Black Box ဆိုတာ Specialist/ Sub-con တွေက Design ပေးရတဲ့အမျိုး။ အဲဒီ Design တွေက  CSA အတော်လေး ပြီးစီးနေပြီ ဆိုမှ ပေါ်တော်မူလာတတ်ကြတာ များတယ်။ အချုပ်ပြောရရင်တော့ ဒီလို Very Fast Fast Track Project ကို လုပ်ဆောင်ဖို့  ဆိုရင်တော့ ၁၉ ရာစု မတိုင်ခင်က ဆောက်လုပ်ရေး နည်းစနစ်တွေပဲ သုံးရမယ် ထင်တယ်။ First Come First Serve စနစ်နဲ့  သွားနေတာ ဆိုတော့ BIM လည်း သိပ်ပြီး တတ်နိုင်မယ်တော့ မထင်ဘူး။
တို့ သွားနေတာက Build and Design ဖြစ်နေတာကိုး။ ဟိ ဟိ
Client ဖက်က ကြည့်တာကလည်း သူ့  Project မြန်မြန်ပြီးဖို့ ပဲ။ ဒါမှ Production မြန်မြန် လုပ်နိုင်မယ်လေ။ Market ရဲ့ သဘောကလည်း ထိုင်စောင့်နေတဲ့ အမျိုးမှ မဟုတ်တာ။ ဒီလိုနဲ့ ပဲ ပြီးခဲ့တဲ့ Project တွေလည်း မနဲတော့ပါဘူး။
ထားပါလေ။
BIM Implementation အပိုင်းနဲ့  ပတ်သက်ပြီး ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှု ဆိုရင်တော့ ...
ပထမဆုံး စိန်ခေါ်မှုက "NO TIME TO CHANGE"
CHANGE လုပ်ဖို့  အချိန်မပေးနိုင်ဘူး။ ဘာလို့ လဲ ဆိုတော့ TIME IS MONEY ဖြစ်နေတယ်။ CHANGE လုပ်ဖို့ ဆိုတာ လွယ်တော့ မလွယ်တာ အမှန်ပါပဲ။ ရုပ်ဝထ္ထုပိုင်းကို ပြောင်းလဲပစ်ဖို့ က သိပ်မခက်ပေမယ့် လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အစွဲတွေကို ပြောင်းလဲပစ်ဖို့ ကျပြန်တော့ ထင်သလောက်မလွယ်သလို ပေးရမယ့် အချိန်ကလည်း မှန်းဆရ ခက်ခဲလှတယ်။
ဒုတိယ စိန်ခေါ်မှုက "NO FAITH ON NEW"။
နည်းပညာ အသစ်တွေ အပေါ်မှာ ယုံကြည်မှု မရှိဘူး။ ဒါကလည်း သဘာဝတခုလို ဖြစ်နေပြီ။ ကိုယ်အသားကျပြီးသား နည်းပညာ ဆိုရင် ဘယ်အချိန်မှာ ဘာလုပ်မယ်။ ဘယ်အခက်အခဲ တွေ့ ရင် ဘယ်လို ကျော်ဖြတ်ရမယ် ဆိုတာက သိထားပြီးသား။ နည်းပညာ အသစ်ကျတော့ အဲ့လိုမဟုတ်တော့ဘူး။ ဖြစ်လာမယ့် ပြသနာကို ကြိုမသိသလို၊ ဖြစ်လာခဲ့ရင်လည်း မဖြေရှင်းတတ်တောဘူး။
တတိယ စိန်ခေါ်မှုက "LET IT GO"။
ညီမငယ် :
မေးခွန်း(၉) - အဲဒီ စိန်ခေါ်မှုတွေအတွက် အကို့ အနေနဲ့ ဆို ဘယ်လို ကျော်ဖြတ်သွားမလဲ။
ကျနော် :
"NO TIME TO CHANGE" ဆိုတဲ့ ကိစ္စ အတော်လေး ဖြေရှင်းရခက်တယ်။ BIM Adoption/ Implementation ကို အချိန်ပေးပြီး အသေအချာ မလုပ်ခဲ့တော့ အဖွဲ့ အစည်းတခုလုံး အနေနဲ့ ဆိုရင်တော့ အုပ်ချုပ်သူတွေ ပြန်လည်စိစစ်ပြီး BIM Adoption/ Implementation ကို စနစ်တကျပြန်လုပ်သင့်ပါတယ်။ ဒါကလည်း ရေရှည်အတွက်ပါ။ BIM Vision နဲ့  BIM Goals တွေကလည်း ရှိနေပြီးသားလို့  ယူဆရတာကြောင့် BIM Core Team တခု စနစ်တကျ ဖွဲ့ စည်းပြီး Research နဲ့  Support ကို ကောင်းကောင်းလုပ်နိုင်မယ်၊ Goals တွေအတွက် လိုအပ်တဲ့ Measure တွေ၊ Lesson Learnt တွေကို လုပ်လာနိုင်ပြီ  ဆိုရင်တော့ ဒီ "NO TIME TO CHANGE" ဆိုတဲ့ ကိစ္စလည်း အတော်လေး ပြေလျော့သွားနိုင်ပါတယ်။
BIM Core Team  ရှိလာခဲ့မယ်ဆိုရင် "NO FAITH ON NEW" ဆိုတဲ့ သံသယတွေ၊ မယုံကြည်မှုတွေလည်း တစတစ နည်းပါးလာပါလိမ့်မယ်။ ဒီလို သံသယတွေ၊ မယုံကြည်မှုတွေ နည်းပါးလာစေဖို့  ဆိုတာကတော့ BIM Core Team ရဲ့ လုပ်ဆောင်ချက်တွေ ပေါ်မှာပဲ မူတည်သွားတော့မှာပါ။ BIM Core Team ကိုအုပ်ချုပ်မယ့်သူရဲ့ စီမံလုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်တွေကလည်း ထိထိမိမိ ရှိဖို့  ဆိုရင်တော့ ကုမ္ပဏီ အနေနဲ့  Role and Responsibility ကို ပြတ်ပြတ်သားသား ချမှတ်ထားဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ ဟိုလို ဒီလိုနဲ့  အုတ်ရောရော ကျောက်ရောရောနဲ့  ဒုံရင်းဖက်ကိုပဲ ဦးတည်သွားနေအုံးမှာပါပဲ။
"LET IT GO" ဆိုတဲ့ ကိစ္စကတော့ BIM နဲ့  မဆိုင်သလို၊ နည်းပညာနဲ့ လည်း သိပ်ပြီး အဆိုင်ကြီး ဖြစ်မနေပြန်ပါဘူး။ ဦးဆောင်သူ ဒါမှမဟုတ် ၀န်ထမ်း တဦးချင်းစီရဲ့ MINDSET နဲ့ ပဲ ဆိုင်တဲ့အပိုင်းပါ။ ဘာကြောင့် ပြီးစလွယ် လုပ်ရသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကလည်း "NO TIME" ပဲ ဖြစ်နေတတ်ကြတာ များပါတယ်။ အုပ်ချုပ်သူ အနေနဲ့  တကယ်ပဲ "NO TIME" ကြောင့်လား၊ MINDSET ကြောင့်လား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ တော့ လိုအပ်ပါတယ်။ "NO TIME"ကြောင့် ဆိုရင်တော့ နည်းပညာ အကူအညီဖြစ်စေ၊ စီမံခန့် ခွဲမှု မူဝါဒ ပြင်ဆင်လို့  ဖြစ်စေ ဖြေရှင်းနိုင်ပါတယ်။ MINDSET ကြောင့် ဆိုရင်တော့ PURGE လုပ်ဖို့  လိုအပ်ကောင်း လိုအပ်လာပါလိမ့်မယ်။ ကုမ္ပဏီအတွက် ၀န်ထုပ်ဝန်းပိုး ဖြစ်နေမယ့် ကိစ္စတွေကို ဘယ်အုပ်ချုပ်သူ၊ ဘယ်လုပ်ငန်းရှင်ကမှ သယ်ပိုးထားချင်မှာ မဟုတ်ဘူး လို့ ပဲ ထင်ပါတယ်။
ညီမငယ် :
မေးခွန်း(၁၀) - Construction Industry အတွက် အနာဂတ် BIM ဟာ ဘာတွေဖြစ်မလဲ။
ကျနော် :
Singapore ရဲ့ Vision အရတော့ Singapore ရဲ့ Construction Sector ဟာ IDD လို့ ခေါ် တဲ့ Integrated Digital Delivery ကို ဦးတည်ပြီး ချီတက်နေကြတာပါ။ အစိုးရအနေနဲ့ ကလည်း သူ့ နိုင်ငံကို ကမ္ဘာ့ ထိပ်တန်း နိုင်ငံတွေနဲ့  ယှဉ်တွဲပြီး အလုပ်လုပ်နိုင်အောင် အဖက်ဖက်ကနေ ပံ့ပိုး ကူညီနေပါတယ်။ အဲ့ဒီအတွက် လိုအပ်တဲ့ နည်းပညာတွေ၊ သင်ထောက်ကူတွေ ပြီးတော့ အဓိကလိုအပ်တဲ့ ငွေကြေးကအစ အဖက်ဖက်က မြှင့်တင်ပံ့ပိုးနေပါတယ်။ ဒါ့အပြင် ဘယ်အချိန်မှာ ဘယ်အဆင့်ကို တက်လှမ်းမယ်။ ဘယ်အချိန်ကျရင် ဘယ်အဆင့်အထိ ရောက်ကိုရောက်ရမယ် ဆိုတဲ့ Plan တွေနဲ့  စနစ်တကျကို ချီတက်နေတာပါ။ Construction Sector မှ မဟုတ်ပဲ ဖက်ပေါင်းစုံအတွက် ဆောင်ရွက်နေတာပါ။
(Copied from Mr Cheng Tai Fatt's Presentation Slide)
ငါ့ရဲ့ အမြင်သေးသေးလေးအရ ဆိုရင်တော့ BIM ဟာ မဝေးတော့တဲ့ အနာဂတ်မှာ ဖြစ်လာတောမယ့် IDD Process ရဲ့ အခြေခံအုတ်မြစ်တခုပါပဲ။ သူနဲ့ အတူ တခြား ကဏ္ဍတွေကလည်း သူ့ အပိုင်းနဲ့ သူ အဖက်ဖက်က တည်ဆောက်နေကြ၊ မြှင့်တင်နေကြပြီလေ။ People, Process နဲ့  Technology တို့ စနစ်တကျ ပေါင်းစည်းနိုင်ပြီ ဆိုရင် "Dream Comes True" ဆိုတာ ဖြစ်လာမှာပါပဲ။
မေးခွန်းကြီး (၁၀) ခုကို ဖြေဆိုခြင်း အလုပ် ဤနေရာတွင် နိဠိတံ ပါပြီ။